twitter
    ဝေဖန်ရေးနဲ့လေကန်ရေး, Follow Me :)

မြန်မာရုပ်ရှင် - အဆင့်မရှိ "Good For Nothing" တဲ့

မသောကြာရဲ့ "ရှုရန်မေ့နေသော အရှုခံများ" ဆိုတဲ့ဆောင်းပါးကိုပြန်ဖတ်တော့ ကျနော်ရေးခဲ့ဖူးတဲ့ "မြန်မာရုပ် ရှင်နှင့် လူတန်းစားပြဿနာ" ဆောင်းပါးကို ပြန်ပြီး update လုပ်ရင်ကောင်းမလားဆိုပြီး စဉ်းစားမိပါတယ်။

ဘယ်လိုပြန်ရေးရမလဲဆိုတာ တွေးနေတုန်း အဲ့ဒီဆောင်းပါးအတွက် ကျနော့် ဘလောက် (အရင်တုန်းက) မှာ "cuteme" ဆိုတဲ့ နာမည်နဲ့ ရေးသွားတဲ့ comment တစ်ခုကို အမှတ်ရပါတယ်။ "မြန်မာရုပ်ရှင်တွေ အဆင့်မရှိလို့မကြည့်ဘူးတဲ့"။ ကျနော့ သူငယ်ချင်း "khe" ကလည်း ainmat.com မှာ "I never watch Myanmar movies because it is just wasting my time. It is really embarrassing that all our movies are good for nothing" လို့ရေးသွားပါတယ်။ အဲ့ဒီတုန်းက ကျနော် နဲနဲ စိတ်ခုသွားတယ်။ သူတို့မကြည့်တဲ့ဇာတ်ကား တွေကို ကျနော်က ရေးကြီးခွင်ကျယ်လုပ်ပြီးပြောနေပါလားဆိုတာတွေးမိလို့ပေါ့။

သူတို့ပြောတာ သွေးထွက်အောင် မှန်ပါတယ်။ "cuteme" နဲ့ "khe" ပြောတဲ့ အဆင့်မရှိတာ တို့ "good for nothing" တို့ဆိုတာ နည်းပညာပြဿနာကြောင့်မလို့ မဟုတ်ပါဘူး။ စိတ်ဓာတ်ကြောင့်မလို့ပါ။ ဆင်းရဲသား၊ အမျိုးသမီး၊ လူမျိုးခြား ဘာသာခြားတွေနဲ့ ကျေးလက် ပြည်သူတွေကိုနှိမ်ချင် မတရားဆက်ဆံချင်တဲ့ စိတ်ဓာတ်ကြောင့်မလို့ပါ။

မြန်မာရုပ်ရှင်တွေမှာ စကားလုံးပေါင်းစုံနဲ့ အမျိုးသမီးတွေကို နှိမ်တာကို သတိပြုမိကြမှာပါ။ ဆိုရိုးလိုလို စကားပုံ လိုလိုပေါ့။ ဥပမာ - မသောကြာထောက်ပြတဲ့ "မိန်းမကျင့် မိန်းမကြံ" တို့ "မိန်းမဥာဏ်" တို့ " မ, ဖျက်ရင် ပြည် ပျက်တယ်" ဆိုတာပေါ့။ မ, ဖျက်ရင် ပြည်ပျက်တယ်ဆိုတာ ဟုတ်လားမဟုတ်လား မြန်မာပြည်ကို ပြန်ကြည့်ရင် သိပါတယ်။ ဒီလိုစိတ်ဓာတ်မျိုးနဲ့ ဇာတ်ညွန်းဆရာတွေ၊ ဒါရိုက်တာတွေနဲ့ သရုပ်ဆောင်တွေကို sexist လို့ပဲ ရည် ညွန်းချင်ပါတယ်။

တိုင်းရင်းသားတွေနဲ့ အသားမည်းမည်းသရုပ်ဆောင်တွေကို နှိမ်တာကတော့ ရုပ်ရှင်ဇာတ်ကား များများမှာလိုပါ ပဲ။ မွန်သံဝဲ၀ဲနဲ့ သရုပ်ဆောင်တစ်ယောက်ဆိုရင် အိမ်ဖော်ခြံစောင့်ဘ၀ကကို မတက်တော့ဘူး။ လူဆိုး ဓားပြ မုဒိန်းကောင်တွေကိုဆိုရင် ရှမ်းဘောင်းဘီဝတ်ပေါ့။ စစ်ကားတွေမှာဆိုရင် မင်းသားတွေက ဗမာ၊ "အကြမ်းဖက် သူပုန်" တွေဆိုရင် ကရင်။ ဇာတ်ကားတိုင်းမှာ သီဟတင်စိုးတို့ ဇင်ဝိုင်းတို့က တိုင်းချစ်ပြည်ချစ် ကြီးတွေလိုလုပ်ပြ ပြီး ကရင်တွေကို အမျိုးသားရေးကိစ္စခုတုံးလုပ်ပြီး ဖောက်ပြားဆိုးရွားနေတဲ့လူတွေလို့ သိက္ခာချ ဖော်လံဖားပြီး ဇာတိမှန်တွေတက်ကြွပြတော့ လူငယ်တချို့ သီဟတင်စိုးတို့ကို အားကျပြီး စစ်တပ်ထဲ ၀င်ကုန်ပါတယ်။ ဒီ ဆောင်းပါးအဆုံးမှာပြန်တင်ထားပေးတဲ့ ကိုဆိုးသွမ်းရဲ့ ဘလောက်က စစ်ထဲဝင်ရတဲ့အကြောင်းကိုဖတ်ကြည့်ပါ။ [ကိုဆိုးသွမ်းဘလောက်]

မြန်မာရုပ်ရှင်တွေ ပြည်သူတွေကို ဘယ်လို message အမှားတွေ ပေးနေတယ် ဆိုတာ ရှင်းနေပါတယ်။

ကျေးလက်က ပြည်သူတွေကို အယူသည်း ပညာမဲ့တဲ့ ငတုံးတွေ၊ ဗမာပညာတတ်တွေကယ်တင်မှရမယ့် လူတွေ ဆိုပြီးတော့လည်း ရုပ်ရှင်တွေကပြပါတယ်။ ဥပမာ ရှမ်းပြည်က တိုင်းရင်းသားရွာ (ဓနုရွာထင်တယ်) တစ်ရွာမှာရိုက်တဲ့ တောမီးဆိုတဲ့ ဇာတ်ကားလိုပေါ့။ (ဇာတ်ကား နာမည်ကိုက စော်ကားလွန်းပါတယ်)။ အဲ့ဒီဇာတ်ကားမှာ လူမင်းက နန်းငယ်တွေး (န၀ရတ်) ရဲ့ အစ်ကို။ ရုပ်လှတဲ့ နန်းငယ်တွေးကို ရွာထဲက ကာလသားတွေက မြောက်စောင်းထိုးကြတာပေါ့။ အဲ့ဒီဇာတ်ကားထဲမှာ ပြထားတဲ့ ရွာသားတွေထဲမှာ ကောင်းတာ တစ်ယောက်မှမပါဘူး။ လူမင်းဆိုရင် ဒေါသကြီးပြီး လူသတ်လို့ထောင် ကြ၊ ကျန်တဲ့ကာလသားတွေဆိုရင် ထန်းရည်မူးပြီး အလုပ် လက်ကြောတင်းအောင် မလုပ်ကြဘူး။ ဒီကြားထဲ နန်းငယ်တွေးကို မုဒိန်းကျင့်ဖို့ ကြံသေးတယ်။ ဒါပေမဲ့ ကောင်းတဲ့လူနှစ်ယောက်တော့ပါတယ်။ ပထမတစ်ယောက်က မြန်မာပြည်ကလာ တဲ့ ကျောင်းဆရာ ထွန်းထွန်း (examplez) ပါ။ တည်တည်ကြည်ကြည် ကယ်တင်ရှင်ပညာတတ်ပေါ့။

တသက်နဲ့တကိုယ်တခါမှမကြားဖူးတဲ့ လေဥ ဆိုတာ အဲ့ဒီဇာတ်ကားမှာပဲကြားရတော့တယ်။ အဖြစ်ကဒီလိုပါ။ နန်းငယ်တွေးက ဘယ်သူနဲ့မှ ကျား-မ ကိစ္စမဖြစ်ပဲ ကိုယ်ဝန်ရလာတယ်တဲ့။ တရားခံရှာမတွေ့တော့ ရွာထဲမှာ ရုတ်ရုတ်သဲသဲကိုဖြစ်နေရော။ တချို့ ရွာသားတွေကလည်း မိုးမရွာတာ အဲ့ဒီကောင်မလေးကြောင့်မလို့ဆိုပြီး သူ့ ကို ရွာပြင်ထုတ်ပေးဖို့ သူကြီးကိုတိုက်တွန်းနေတယ်။ အဲ့ဒီမှာ ကိုကျောင်းဆရာက မြို့တက်ပြီး ဆေးခန်းပြဖို့ တိုက်တွန်းတော့ နောက်ထပ်ကိုပညာတတ် ဗမာဆရာဝန်နဲ့ တွေ့ပြန်ရော။ အဲ့ဒီ ကိုပညာတတ်က ဒုတိယ ကယ် တင်ရှင်ပေါ့။ အဲ့ဒီကိုယ်ဝန်ဟာ အမှန်တကယ်တော့ ကိုယ်ဝန်အစစ်မဟုတ်ဘူး။ လေဥတဲ့။ အဲ့ဒီတော့ ပညာ မတတ်တဲ့ ရွာသားတွေကို ပညာတတ်အောင်၊ လေဥဆိုတဲ့ ရွာထဲမှာ ဂြိုလ်ဆိုးမွေနေတဲ့ လံကြုတ်ကြီးကို ဖြေရှင်း အောင် လုပ်ပေးနေရသူတွေကတော့ကိုပညာတတ် မြို့သားတွေပေါ့။ နောက်ဆုံးမှာ ကိုကျောင်းဆရာက အယူ သည်းလို့ မဖြစ်သင့်တာတွေဖြစ်ကြရတယ်ဆိုပြီး မှတ်ချက်ချတယ်။

ဒီရုပ်ရှင်မှာပြသွားတာက နယ်က ကျေးလက်တိုင်းရင်းသားတွေက ပညာမတတ်ဘူး၊ အသိတရားကင်းတယ်၊ အ လုပ်မလုပ်ပဲ မူးရမ်းဆိုးသွမ်းတယ်။ ပြသနာပေါင်း သောင်းခြောက်ထောင်ကလွဲရင် ကျေးလက်တွေမှာ ဘာမှ ကောင်းတာမရှိဘူးဆိုတဲ့ သဘောပေါ့။ ကျေးလက်ဒေသဆိုတာ အဲ့ဒီလိုမျိုးပဲလို့ အဓိပါယ်ဖွင့်လိုက်တာပါ။ ဒါပေ မဲ့ ဗမာပြည်က လူတွေကျတော့ ပညာတတ် အသိတရားကြွယ်ပြီး ရွာသူရွာသားတွေရဲ့ ကယ်တင်ရှင်ကြီးတွေ ဆိုပီးပြပါတယ်။

ကျေးလက်တွေမှာ အောက်ပြည်အောက်ရွာက စီးပွားရှင်တွေ ဆင်းရဲသား ရွာသားတွေကို ခေါင်းပုံဖြတ် အမြတ် ထုတ်နေတာတွေ၊ အောက်ပြည်အောက်ရွာက လူတွေ နယ်တွေရောက်လာမှ ဆူပူခိုးယမ်းမှုတွေဖြစ်လာတဲ့ လက်တွေ့လောကတွေကိုတော့ ရုပ်ရှင်သမားတွေ သတိပြုမိပုံမပေါ်ပါဘူး။

အဲ့ဒီလိုပဲ အသားမဲမဲနဲ့ သရုပ်ဆောင်တွေဆိုရင် လူဆိုး သူခိုးနေရာမှာပဲ ထားရိုက်တယ်။ ပိုဆိုးတာက ကုလားဆို ပြီး လူကို လူလိုဆက်ဆံရမှန်း မသိတဲ့ မြို့ကြီးသားမပီတဲ့ စိတ်ဓာတ်ပါပဲ။ ဥပမာ လွင်မိုးသရုပ်ဆောင်တဲ့ သူငယ် တန်းဖတ်စာ ဆိုတဲ့ဇာတ်ကားဆိုရင် တော်တော့ကိုရုပ်ဆိုးပါတယ်။ အဲ့ဒီ ရုပ်ရှင် အစပိုင်းနားမှာ မမ လို့ခေါ်တဲ့ အပျိုကြီးက လန့်ပြီးယောင်ရင် ကုလားဆိုပြီး အော်ပါတယ်။ လွင်မိုးရဲ့ တပည့်က ကြွက်ကြီး ဆိုပြီး ခြောက်တော့လည်း အဲ့ဒီ မမ က ကုလားဆိုပြီး အော်ပြန်တယ်။ လွင်မိုးတပည့် က အဲ့ဒီမမကို "ခင်ဗျားက ကြွက်ကိုတော့ ကြောက်ပြီး ကုလားကိုတော့ မကြောက်ဘူးနော်" လို့ပြောတယ်။ ဒါနဲ့မေးချင်က လူနဲ့တရိစ္ဆာန်ကို အဲ့ဒီလို နှိုင်းစရာလား။ negative နည်းနဲ့ အဲ့ဒီလို ဆက်ဆံတဲ့ စိတ်ဓာတ်ဟာ လူလူချင်း ညီညီမျှမျှဆက်ဆံသင့်တယ် ဆိုတဲ့ လူသားဝါဒကို ဘယ်လောက် ဖောက်ဖျက်လဲဆိုတာ သိသာပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်လောက်ကကြည့်ဖူးတဲ့ လွင်မိုးနဲ့ ခိုင်သင်းကြည် သရုပ်ဆောင်တဲ့ စက္ကူစွန်ဆိုတဲ့ ရုပ်ရှင်ထဲမှာလည်း အဲ့ဒီလိုပါပဲ။ လွင်မိုးက ခိုင်သင်းကြည်ကို သူ့ရည်းစားကိုပြစ်လိုက်တဲ့စွန် ကုလားကြီးကိုထိသွားရင် ဘယ်လိုလုပ်မလဲ လို့မေးတယ်။ သဘောကတော့ ကိုယ်မြတ်နိုးတဲ့ ချစ်သူကိုပေါက်တဲ့စွန်ကို ကုလားနဲ့ မတန်ဘူးဆိုပြီး ကွင်းကွင်းရှင်းရှင်းနှိမ်လိုက်တာပါ။
ရုပ်ရှင် လောကသားတွေရဲ့ စိတ်ထဲမှာ အမျိုးသမီး ဆင်းရဲသား ကျေးလက်ရွာသားနဲ့ လူနည်းစုတွေအတွက် တရားမျှတမှုဆိုတဲ့ စိတ်ဓာတ်နဲ့ ယုံကြည်မှုမရှိဘူး ဆိုတာ ပေါ်လွင်နေပါတယ်။ လူမှုရေးတရားမျှတမှုဆို တဲ့ Social Justice စိတ်ဓာတ်တိမ်ခေါင်ပြီး ကမာ့အတွေးအခေါ်အယူအဆတွေရဲ့နောက် ကောက်ကောက်ကျန် ခဲ့ပြီ ဆိုတာမြင်သာပါတယ်။ ဒီလိုတွေကြောင့် အဲ့ဒီ ရုပ်ရှင်တွေကို Racist ရုပ်ရှင်လို့ ရည်ညွှန်းရင်ရပါတယ်။

အဲ့ဒီလိုဇာတ်ကားမျိုးကို ကိုးရီးယားဇတ်ကားတွေလို အင်္ဂလိပ်စာတန်းထိုးပြီး နိုင်ငံခြားမှာ market လုပ်ရဲလားလို့ မေးချင်ပါတယ်။ ကိုးရီးယားဇာတ်ကားတွေ နိုင်ငံခြားဈေးကွက်မှာဝင်လာတာ ဇာတ်လမ်းကြောင့်ချည်းမဟုတ်ပါ ဘူး။ အင်္ဂလိပ်လို စာတမ်းထိုးတော့ လူတကာကြည့်လို့ရလို့ပါ။ ကိုးရီးယား စကားတတ်သမားအတွက်ပဲ မဟုတ်ပဲ နိုင်ငံတကာ ဈေးကွက်ထဲဝင်လို့ရအောင် စာတမ်းထိုးထည့်ပေးနိုင်လို့ပါ။ မြန်မာဇာတ်လမ်းတချို့လည်း နိုင်ငံတ ကာဇာတ်ကားတွေလို sophisticate ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ ဇာတ်ကားတွေကို အင်္ဂလိပ်စာတန်းထိုးပြရင် နိုင်ငံတကာက Racist ရုပ်ရှင်တွေဆိုပြီး ဝေဖန်တာကို ခွက်ခွက်လဲ ခံရဖို့ပဲရှိပါတယ်။

မြန်မာရုပ်ရှင်တွေ နိုင်ငံခြားစံချိန်မမှီတာမပြောနဲ့လေ၊ ကိုယ့်မြန်မာတွေကတောင် အဆင့်မရှိ "good for nothing" ရုပ်ရှင်တွေဆိုပြီး ကြည့်မှမကြည့်တာ။ မြန်မာရုပ်ရှင်တွေ နိုင်ငံတကာ ရုပ်ရှင်ပြပွဲတွေမှာ ဆုတွေဘာ တွေရဖို့ဆိုတာ ဝေးသေးပါတယ်။ ဟောလီးဝုဒ်၊ ဘောလီးဝုဒ်နဲ့ ကိုးရီးယားရုပ်ရှင်တွေလို ကမာတ၀ှမ်းလှည့်ပြီး သန်းနဲ့ချီ ငွေရှာနိုင်တဲ့အဆင့်ကလည်း ဝေးပါသေးတယ်။

=========

ကျွန်တော် ရဲ့ အသက်မွေးဝမ်းကျောင်း [ကိုဆိုးသွမ်း ဘလောက်က ကိုဆိုးသွမ်းရဲ့ ဆောင်းပါးကို ပြန်ဖေါ်ပြတာ ပါ] အဲဒီတုန်းက ကျွန်တော့်အသက် ၄ နှစ်။ အရေးအခင်းဆိုတာ ဘာမှန်းလည်းမသိလိုက်ဘူး။ ၀ိုးတိုးဝါးတားနဲ့ “ အိမ်ထဲမှာ နေကြ အိမ်ထဲက အပြင်မထွက်နဲ့ ” ဆိုတဲ့ ဦးလေးအကြီးဆုံး ၊ အဖေအမေ အစ်ကိုတွေ အမတွေရဲ့ စကားသံကိုပဲ ကြားနေရတယ်။ တခါတခါ ဂိုဒေါင်ဖောက်တယ် ဆိုတာကြားရတယ်။ ဦးလေးယူလာတဲ့ ချည်ထည် အကြမ်းထည် တွေကို မောင်နှမတွေ ဘောင်းဘီချုပ်ဝတ်ဖို့ အမေက လုပ်ပေးတယ်။ ပျော်လိုက်တာဗျာ။ အ၀တ်အသစ်တွေ ၀တ်ရတာကိုး။ ကျွန်တော်တို့ နေတာက စမ်းချောင်း ( အရင် ဂျီဘီအို ၂ ) လမ်းလို့ ခေါ်တာပေါ့။ ကြံတော သုဿန်ကြီးနဲ့ ကပ်လျက်လေ။ ကားလမ်းပဲ ခြားတယ်။ ညညဆို အဲဒီ သုဿန်ထဲက ညမွှေးပန်း အပင်ကြီးက မွှေးလိုက်တာ တစ်ရပ်ကွက်လုံး ခေါင်းတောင် မူးရတယ်။ နောက်ပြီး အဲဒီအပင်ကြီးက တပင်တည်း ထီးထီးကြီးရယ်။ ညညဆို လမ်းပေါ်ကကြည့်ရင် မြင်နေရတာပေါ့ဗျာ။ဒီလိုနဲ့ အရေးအခင်းပြီးသွားတော့ ကျောင်းတွေ ပြန်ဖွင့်တော့ ကျောင်းပြန်တက်ရတော့တာပေါ့။ စာဖတ်သူတို့ မသိသေးတဲ့ ကျွန်တော့်လျို့ ၀ှက်ချက်ကြီးကို ပြောပြမယ်။ စစ်တပ်ထဲ ဘာလို့ရောက်လာတာလဲ မမေးနဲ့ ။ ပထမဦးဆုံးကတော့ သီဟတင်စိုး လုပ်လို့ စစ်ထဲ ၀င်ခဲ့တာပါ။ အမြင်မှာတော့ ရယ်စရာကြီးပေါ့ဗျာ။ ဒါပေမယ့် နောက်ကြောင်းဆိုတာ ရှိတယ်လေ။ အရေးအခင်းဖြစ်ပြီး စစ်တပ်အကြောင်း ကျွန်တော် ဘာမှမသိပါဘူး။ အရွယ်က ကလေးကိုး ။ အမေပေးတဲ့ ထမင်းချိုင့်နဲ့ စားမယ်။ ကျောင်းက ရေအိုးစင်ထဲက ရေသောက်မယ်။ ပြန်လာရင် ဆော့မယ်။ ညကျရင် အိပ်မယ်။ ဒါပဲ ရှိပါတယ်။ပြဿနာက အဲဒီမှာ စတာ။ ကျွန်တော် ၄ တန်းလောက် ရောက်လာတော့ ဗီဒီယိုတွေ ခေတ်စားလာခြင်းပါ။ တီဗွီဆိုတာက အဲဒီတုန်းက ပိုက်ဆံရှိ လူလတ်တန်းစားလောက်မှ စသုံးဖို့ ကြံစည်ကြတာ မဟုတ်လား။ ( နိုင်ငံခြားမှာတော့ ကွန်ပျူတာ ကို အဲဒီအချိန် ကောင်းကောင်း သုံးနေလောက်ပြီ ထင်တယ် ) ဒါနဲ့ ညဆိုတော့ ပျင်းတာပေါ့။ ကလေးသဘာဝ တူတူပုန်းတမ်း ကစားဖို့က မဖြစ် ( ဘာတဲ့ နတ်ဖွပ်တယ်ဆိုလား ) ကြောက်ကလည်း ကြောက်သေးတယ်။ အဖေပေးတဲ့ မုန့်ဖိုး ( ၂ ) ကျပ်ကို မောင်နှမတွေ အတူတူ ဓါးပြတိုက်တောင်းရင်း ၄ အိမ်ကျော်က ဗီဒီယို ရုံကို ပြေးပါရောလား။ အဲဒီတုန်းက ရာဇ၀င်ကားတွေ ပြနေတဲ့ အချိန်ပေါ့။ဟဟ ။ ဆိုးသွမ်းတို့ အကြိုက်ကတော့ ထွန်းလုံရှိန် ပဲ။ နန်းဝတ်နန်းစားနဲ့ ဖိုက်လိုက်တာလဲ သူ့ကို မနိုင်ဘူး။ ဒါမျိုးမှ ကြည့်တာ။ အခုထိ ( သူရဲကားဆို - မှော်ဆရာ မပါရင် မကြည့်ဘူး။ သူရဲကို မနိုင်ရင် မကြိုက်လို့) ။ တခါ ဘယ်သူ့ဘလော့ဂ်လည်း မသိဘူး။ တင်ထားတာက
“ တိုက်တန်းနစ်မှာ လီယိုနာဒိုကို ဘာလို့ မင်းသားတင်ရိုက်သလဲတဲ့ ”“ စတီဗင်ဆေးလ်ဂဲကို တင်ရိုက်ရင် အားလုံးကို သူကယ်လိုက်မှာပေါ့ ” တဲ့ဟဲဟဲ။ အဲဒီလို ဖြစ်နေပြီ။ ဒါတောင် မကြည့်လိုက်ရတဲ့ ရွှေဘကားတွေ ကြည့်ချင်နေတာ။ ကလေးပီပီပေါ့ဗျာ ရုပ်တိရှိတာတွေ မရှိတာတွေ မစဉ်းစားနိုင်ဘူး။ မင်းသားထိုးလိုက်လို့ နိုင်နေရင် လက်ခုပ်တီးဖို့က အသင့်ပေါ့။ အဲဒီမှာ စပြီး ဗီဒီယို စပြီး စွဲလန်းမိတာ။ ဗျာ...အော် ဟုတ်ကဲ့။ ဖြေးဖြေးပေါ့ဗျာ။ ပြောမှာပေါ့။ ခဏလေး စိတ်ရှည်ပါဦး။ ဒါနဲ့ ညနေတိုင်း ညနေတိုင်း ကစားပြီးတာနဲ့ ဗီဒီယို ရုံတန်းသွားတော့တာပဲ။ တဖက်တလမ်းကလည်း အားကျမခံ ကာတွန်းဖတ်တယ် ၊ တီဗီဂိမ်းနှိပ်တယ်။ အဲဒီလို ကလေးဘ၀ကတည်းက အလုပ်များတာ။ ပြန်လာပြီဆို ဗီဒီယိုရုံမှာ ဘာကားတင်ထားလဲ ဆိုတာ ကြည့်ရတာ မောင်ဆိုးသွမ်းတို့ အလုပ်ပေါ့။ ဒီလိုနဲ့ တစ်နေ့တော့ ကျွန်တော့်ကို စစ်ထဲ ၀င်အောင် လုပ်ဆောင်ခဲ့တဲ့ ကိုသီဟတင်စိုးကြီးဟာ တီဗီဖန်သားပြင်ပေါ်မှာ.......

0 comments:

Post a Comment