twitter
    ဝေဖန်ရေးနဲ့လေကန်ရေး, Follow Me :)

မြန်မာရုပ်ရှင်နှင့် လူတန်းစားပြသနာ

ကျောင်းစာတွေနဲ့ချည်းရှုပ်နေလို့ မြန်မာရုပ်ရှင်တွေနဲ့ဝေးနေတာ ၈ လလောက်ရှိပါပြီ၊ ကျောင်း ဖွင့်နေတုန်းမှာ Chatting လည်းမလုပ်ဖြစ်။ အရင်ကလို Shwedream တို့ Pansagar တို့လို ၀က်ဘ်ဆိုက်တွေလဲ ဝေးဝေးတခါ မှပဲဝင်ဖြစ်တော့ မြန်မာမှန်သမျှလွမ်းမိပါတယ်။ မြင်သာမြင် မကြင်ရဆိုသလို ရုပ်ရှင်တွေသီချင်းတွေရှိမှန်းသိ ပေမဲ့လည်း မကြည့်ဖြစ်ပါဘူး၊ ဒါနဲ့ စာမေးပွဲတွေ Assignment တွေအားလုံးပြီးတဲ့နေ့မှပဲ YAMC တို့ Myanmarpyithar.com တို့ကရုပ်ရှင်တွေကို တစ်ကားပြီးတစ်ကား ဆက်တိုက်ကြည့်လိုက်တာ ခေါင်းကိုက်လို့ ဆေးတောင်သောက်ယူရပါတယ်။ ဒီ website ပိုင်ရှင်တွေကို ကျေးဇူးအရမ်းတင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့လို နိုင်ငံခြားမှာရောက်နေတဲ့မြန်မာတွေအတွက် ကိုယ့်ပြည်ကိုယ့်ရွာကို အလွမ်းဖြေဖို့ကြည့်စရာလေး တွေကို အခမဲ့စုဆောင်းပေးလို့ပါ။ ပြီးတော့ ပြည်တွင်းမှာ ဘာတွေဖြစ်ပြီး ဘာတွေပြောင်းနေတယ်ဆိုတာလည်း နည်းနည်းပါးပါးသိရတာပေါ့။ မြန်မာရုပ်ရှင်တွေကို ဒီထက်ပိုပြီး တင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်

ရုပ်ရှင်လောကမှာ Technical နဲ့ပတ်သက်ပြီး တိုးတက်လာတာတွေ့ရတော့ ၀မ်းသာပါတယ်။ အရင်ကလို ဂဂျိုး ဂဂျောင် Background Music တွေ၊ ကြည့်သာကြည့်ရတာ မျက်နှာကိုမမြင်ရလောက်အောင် အလင်းများတာ တွေတော့ သိပ်မရှိတော့ဘူး။ အသံတွေဆိုရင်လည်း ရှင်းရှင်းလင်းလင်းကြားရ၊ နားထောင်ရဆိုတော့ ပိုအရသာ ရှိတာပေါ့။ ဒါပေမဲ့ ဗဟုသုတရမဲ့ရှပ်ရှင်ဆိုရင် မရှိသလောက်ရှားတယ်လို့ထင်ပါတယ်။ ပြီးတော့ မြန်မာပြည်သူ အများစုကို အောက်တန်းစား ဆိုပြီး နှစ်ပေါင်းများစွာ စော်ကားလာခဲ့တဲ့ကိစလည်း မလျော့သေးဘူးမြင်မိပါ တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်ထင်သလိုပဲ သူများတွေရောထင်သလား၊ ဒါမှမဟုတ် ကျနော်တစ်ယောက် တည်း အဲ့ဒီလိုထင်နေတာလားဆိုတာသိချင်လို့ ဒီဆောင်းပါးလေးကိုရေးလိုက်တာပါ။ ဖတ်ကြည့်ပြီးတော့ အကို၊ အမ၊ ညီ၊ ညီမတို့ထင်တာလေးတွေကိုလည်း ပြောပြပါအုံးလို့။

ပြောချင်တာလေးတွေကို စပြောရမယ်ဆိုရင်ဗျာ --- ရုပ်ရှင်ကြည့်လိုက်တိုင်း ကုမ္မဏီပိုင်ရှင်တွေ၊ မီလျံနာတွေ၊ သူဌေးသား သူဌေးသမီးတွေချည်းပဲ။ အခုနောက်ပိုင်း ရာဇာနေ၀င်း ကိုး ယိုကားယားလုပ်ပြတာခေတ်စားလာပြီး ကတည်းက Request တွေ၊ Good Morning တွေ၊ နိုင်ငံခြားတွေ မှိုလိုပေါက်လာသလားလို့၊ တစ်ကားလာ လည်း နိုင်ငံခြားမှာပညာသင်၊ နောက်တစ်ကားလာလည်း နိုင်ငံခြားမှာကုမ္မဏီထောင်။ ပြောလိုက်ရင်လည်း သိန်းတွေ သန်းတွေနဲ့ချည်းပဲ။ ပြီးတော့ ရုပ်ရှင်ကားတိုင်းလိုလိုကလည်း လူချမ်းသာအကြောင်းချည်းပဲ။

တကယ်တမ်းတော့ မြန်မာပြည်သူအများစုဟာ ဆင်းရဲတွင်းနက်ပြီးတော့ ရုန်းကန်နေရတာပါ။ ဒါကြောင့် အချစ် ကားတွေအပြင် လူ့အဖွဲ့အစည်းထဲမှာဖြစ်နေတဲ့ ပြသနာလေးတွေကိုလည်း မီးမောင်းထိုးပြရင် ပိုကောင်းမလား လို့ပါ။ အဲ့ဒါထက်ဆိုးတာက ဆင်းရဲတဲ့လူတွေကို အောက်တန်းစားဆိုပြီး စော်ကားတဲ့ကိစ္စပါ။ ရုပ်ရှင်အတော်များ များမှာ ငွေရှိတဲ့လူကို ဂုဏ်သရေရှိအထက်တန်းစားလို့ရည်ညွှန်းပြီး ဆင်းရဲတဲ့လူကို အောက်တန်းစားလို့ ပြောတတ်ကြပါတယ်၊ အမှန်ဆိုရင် အောက်တန်းစားဆိုတာ ဆင်းရဲတာထက် နှက်ရှိင်းပါတယ်။ အဆင့်အတန်းမဲ့၊ ဂုဏ်သ ရေမဲ့၊ အကျင့်ပျက်၊ ဆိုးသွမ်း၊ ကလေကချေ စတဲ့ စတဲ့ အဓိပါယ်တွေ ကပ်ပါလာတယ် ဆိုတာကို စာရေးဆရာတွေ၊ ဇာတ်ညွှန်းသမားတွေ ကျနော်တို့ထက်ပိုနားလည်ပါတယ်၊၊ ဒါပေမဲ့ ပညာရှိ သတိ ဖြစ်ခဲဆိုသလို သတိထားမိပုံရဟန် မတူဘူး။

အဆင့်အတန်းမရှိဘူးဆိုပြီး ငွေကြေးမချမ်းသာသူတွေကိုစော်ကားတဲ့ရုပ်ရှင်တစ်ခုကို ဥပမာပေးရရင် “မဆုံခဲ့ ကြရင်” ဆိုတဲ့ ဗီဒီယိုဇာတ်ကားက အကောင်းဆုံးဖြစ်လိမ့်မယ်ထင်တယ်။ အဲ့ဒီထဲမှာ လွင်ပြင် (မင်းမော်ကွန်း) က နှလုံးရောဂါသည်၊ ငယ်ငယ်စိုး (အိနြာကျော်ဇင်) က လွင်ပြင့်ကို ဆေးတိုက်ရတဲ့ သူနာပြုဆရာမအတုလေး ပါ။ ဖြစ်ပုံက ဒီလိုပါ၊ တစ်ရက်မှာ ငယ် က ကားဓာတ်ဆီကုန်သွားလို့ အကူအညီ တောင်းဖို့ဆိုပြီး လွင်ပြင်တို့အိမ် အ၀င် လွင်ပြင့်ကိုဆေးတိုက်ပေးရမဲ့ Nurse အသစ်နဲ့မှားပြီး သူ့ကို အိမ်ထဲခေါ်သွားရာက နေ လွင်ပြင့်ကိုဂရု ဏာသက်ပြီး သူနာပြုဆရာမအတုဘ၀ရောက်သွားရတာပါ။ နှစ်ယောက်စလုံးရဲ့  မိဘတွေက ချမ်းသာပါတယ်။ ဒါပေမဲ့ သူနာပြုဆိုတဲ့ ငယ့်ကို လွင်ပြင့်အမေက ဆင်းရဲတယ်လို့ တရားသေတွက်ထားပါတယ်။ အချိန်တခနအ တွင်းမှာ လူငယ်ချင်းမေတ္တာမျှသွားကြတာကို လွင်ပြင်ရဲ့မိခင်သိတော့ ဘာမဟုတ်တဲ့မိန်းကလေး၊ ဘာ အဆင့်အတန်းမှမရှိတဲ့မိန်းကလေးနဲ့ သူ့သားကိုသဘောမတူဘူးတဲ့။ အဲ့ဒါကို ငယ်ရဲ့ ရှေ့ မှာပြောတာ။ အဲ့ဒီအချိန် အထိ ငယ်ဟာသူနာပြုအစစ်မဟုတ်မှန်း လွင်ပြင့်မိခင်မသိသေးဘူး။ ဟန်ဆောင်မှန်းသိလို့ အကျင့်မကောင်းဘူး ဆိုပြီး သဘောမတူရင်တော့တမျိုးပေါ့။ အခုဟာက ငွေကြေးကြောင့်မလို့ အဆင့်မရှိဘူးဆိုပြီး ကံယာကံရှင် မိန်း ကလေးကို ရှေ့ မှာထားပြီး နှိမ်ချတာကတော့ အရမ်းရုပ်ဆိုးလွန်းလှပါတယ်။

ငယ်ကလည်း “အန်တီပြောသလို မျိုး ကျမတို့က အန်တီတို့လောက် မချမ်းသာပါဘူး၊ ဒါပေမဲ့ ဆင်းရဲမွဲတေနေတဲ့ အ တန်းစားထဲကတော့မဟုတ်ပါ ဘူး။ သာမန်လူတန်းစားထက်တော့ပိုပါတယ်” တဲ့။ လွင်ပြင့်မိခင်ပြောတာနဲ့ ငယ်ပြောတာတွေက ဘာကိုပြနေ လည်းဆိုတော့ သူဌေးမဟုတ်ရင် အဆင့်အတန်းမရှိဘူး၊ အောက်တန်းစားဆိုတာကိုပေါ့ဗျာ။ ဒါနဲ့ Nurse ဆိုရင် ဆင်းရဲပြီး အဆင့်မရှိတော့ဘူးတဲ့လားဗျာ။ သူနာပြုဆိုရင် အဆင့်မရှိဘူးလို့ပြောတာဟာ စေတနာ၊ ၀ါသနာနဲ့ ဂရုဏာဆိုတဲ့ နာသုံးနာကိုစားပြီး အားရှိတဲ့ သူနာပြုဆရာမတွေအားလုံးကို သိမ်းကြုံးစော်ကားလိုက်တာလို့ ကျ နော်ထင်ပါတယ်၊ သူနာပြုဆရာမတွေသာမရှိရင် နယ်မှာမပြောနဲ့ ရန်ကုန်လို မြို့ကြီးပြကြီးကလူနာတွေတောင် အသက်မှီမှာမဟုတ်ဘူး၊ ဖိလစ်ပိုင်နိုင်ငံကတချို့ ဒေသနဲ့ အာဖရိကနိုင်ငံတွေမှာဆိုရင် သူနာပြုဆရာမတွေ နိုင်ငံ ခြားထွက်ကုန်ကြလို့ နိုင်ငံထဲမှာ ကျန်းမာရေးဝန်ထမ်းအလုံအလောက်မရှိပဲ လူသေနှုန်းမြင့်လာနေတာကို ဇာတ် ညွှန်းဆရာတွေ၊ ဒါရိုက်တာတွေ၊ မင်းသား မင်းသမီးတွေ အလေးထားပုံမရပါဘူး။ လူ့အသက်ကယ်တဲ့ စေတနာ့ဝန်ထမ်းတွေကိုစော်ကားရဲတဲ့သတ္တိကိုတော့ ချီးကျူးရမလိုပါပဲဗျာ။

အဲ---ငွေကြေးဆင်းရဲတော့ကော ဘာဖြစ်လဲဗျာ။ ငွေမရှိပေမဲ့ စိတ်ဓာတ်နဲ့ အကျင့်သီလရှိတဲ့သူတွေ သန်း နဲ့ချီရှိပါတယ်။ မြန်မာပြည်အခြေအနေကိုပြန်ကြည့်ရင်လည်း ချမ်းသာသမားက လက်တစ်ဆုတ်စာပဲရှိတာပါ၊ သန်းပေါင်းများ စွာသောပြည်သူတွေက လယ်သမား၊ အလုပ်သမား၊ လက်လုပ်လက်စားဆင်းရဲသားတွေပါ။ ဒီလူ တွေကပဲ တစ်နိုင်ငံလုံး စားဖို့၊ ၀တ်ဖို့၊ သုံးဖို့အတွက် လယ်ကွင်းတွေမှာ၊ စက်ရုံတွေမှာ၊ လမ်းဘေးတွေမှာ နဖူး ချွှေးခြေမကျအောင် ရုန်းကန်နေကြတာပါဗျာ။ အဆင့်အတန်းလို့ပြောတဲ့နေရာမှာရော အကျင့်စာရိတတို့၊ ကိုယ် ကျိုးစွန့်ပြီး အများအကျိုးဆောင်တာတို့ ဘယ်ရောက်သွားလဲဆိုတာကို မေးချင်ပါတယ်။ ကျနော်ကလည်း နယ် ကပါ။ မြို့ကြီးထက်စာရင် နယ်တွေမှာ ငွေကြေးဆင်းရဲသမားပိုများတယ်ဆိုတာကို အထူးပြောစရာမလိုပါဘူး။ ဒါပေမဲ့ မြို့ကြီးကလူတွေထက် မပိုရင်တောင် နယ်သူနယ်သားတွေရဲ့ ရိုးသားမှုက မြို့ကြီးသားတွေထက် တော့မနည်းပါဘူး။ စိတ်ဓာတ်မြင့်မားကြပါတယ်။ ကြားသလောက်၊ ဖတ်မိသလောက်ဆိုရင် ဘိန်းမှောင်ခိုကူး သမားတွေ၊ လူမှောင်ခိုကူးသမားတွေ၊ နိုက်ကလက်ထောင်သမားတွေ၊ ရှယ်ယာလိမ်သမားအများစုဟာ မြို့ကြီး တွေမှာနေတဲ့ သူဌေးတွေပါ။ ဒီလိုပြောလို့ သူဌေးတိုင်းမကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူး၊

ဆိုလိုတာကတော့ဗျာ အဆင့်အတန်းဆိုတာနဲ့ ငွေကြေးချမ်းသာတာနဲ့ကို ညီမျှခြင်းမချကြပါနဲ့လို့။ ငွေကြေးကို ပါဝါလိုသုံးပြီး လူတွေကိုအမျိုးမျိုးဒုခပေးတဲ့ အောက်တန်းကျတဲ့ သူဌေးတွေရှိသလို၊ ငွေကြေးမချမ်းသာပေမဲ့ စိတ် ဓာတ်နဲ့ ကိုယ်ကျင့်တရားမြင့်မားသူတွေ ဒုနဲ့ဒေးပါ။ မြန်မာပြည်သူတွေက သူတို့ရဲ့ ထွက်ပေါက်ဖြစ်တဲ့ ရုပ်ရှင် ကြည့်ခါမှ သြော်--- ငါတို့ကဆင်းရဲတယ်။ ဒါကြောင့် ငါတို့ကအောက်တန်းစားတွေပါလားဆိုတဲ့ သိမ်ငယ်မှုမျိုး တွေကို မြန်မာရုပ်ရှင်တွေက မပေးသင့်ဘူးလို့ထင်ပါတယ်။ ကျေးဇူးရှင်ကို ကျေးစွပ်ဆိုသလိုမျိုး ကိုယ့်ကိုထမင်း ကျွေးတဲ့ ကိုယ့်ပရိတ်သတ်တွေကို အောက်တန်းစားလူဆင်းရဲတွေဆိုပြီး ဖန်သားပြင်ကနေ မစော်ကားကြပါနဲ့ တော့လို့---

0 comments:

Post a Comment